အလုံ ဇွန် ၂၄
အလုံမြို့နယ်၌ ပင်စင်စားမိဘပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ် ကြည့်မြင်တိုင်ဘဏ်ခွဲသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး၊ အထွေထွေလုပ်သား ဒေါ်ဝါဝါထူးပါဝင်သော ဆေးကုသရေးအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ် ကြည့်မြင်တိုင်ဘဏ်ခွဲသို့ သွားရောက်ပြီး ပင်စင်စားမိဘပြည်သူသက်ကြီးပုဂ္ဂိုလ်များအား ကုသပေးခဲ့သည်။
အဆိုပါကွင်းဆင်ကုသပေးမှုတွင် အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ပူးပေါင်း၍ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)