အောင်မြေသာစံ ဇွန် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်နေရပ်စွန့်ခွာဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဂွေးချိုတိုက်၊ ရန်ကုန်အုတ်ကျောင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ဂွေးချိုတိုက်၊ ရန်ကုန်အုတ်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာ၊ ဗန်းမော်ကမ်းနားရိပ်သာ ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ မန္တလေးမြို့ရှိ ဗန်းမော်နေရပ်စွန်ခွာဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ နမောတဿသုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဆရာတော်က ဩဝါဒစကားမိန့်ကြားသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အမှာစကားပြောကြားပြီး နေရပ်စွန့်ခွာဝန်ထမ်းများနှင့်ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်သိန်းနှစ်ရာ့ငါးဆယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး မိသားစုက ထောက်ပံ့ငွေကျပ်သိန်းငါးဆယ်၊ စုစုပေါင်းကျပ်သိန်းသုံးရာကို တိုင်းရင်းသားရေးရာဝန်ကြီးက ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြကာ နေရပ်စွန့်ခွာဝန်ထမ်းများနှင့်ပြည်သူများကိုယ်စား ဦးသန်းလှိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ဆက်လက်၍ ဗုဒ္ဓသာသနံစိရံတိဠထု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဝန်ကြီးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)