မုဒုံ ဇွန် ၂၄
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/သူများအား သွားခံတွင်းစစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်း (မုဒုံကြီး) စာသင်ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် ကုသရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာလမင်းထက်က သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး အကြောင်းအရာများ၊ မြို့နယ်ကျန်းမာရေးမှူးက သွေးလွန်တုပ်ကွေးရောဂါများအကြောင်း၊ ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရရှိစေရေး၊ အာဟာရသုံးအုပ်စုနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားသည့် အစားအစားများ စားသုံးကြရန်နှင့် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား/သူများအား တစ်ကိုယ်ရေးသန့်ရှင်းစေရေး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် သွားခံတွင်း စသည့်ကျန်းမာရေးဆိုင်ရာများကို ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)