တံတား ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ဇီးဖြူပင်ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် တိုင်းရင်းဆေးကုဌာနမှ ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးဟောပြောပွဲနှင့် ဆေးကုသမှုကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဦးအောင်ဟိန်းသူက တုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သောရောဂါတစ်မျိုးဖြစ်ကြောင်း၊ တုပ်ကွေးရောဂါစတင်ဖြစ်ပွားလာလျှင် ဖျားခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်များပျက်ခြင်းတို့ဖြစ်တတ်ပြီး ရာသီတုပ်ကွေးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နဲ့နှာခေါင်းကို လုံအောင်အုပ်ထားသင့်ကြောင်း၊ အိမ်အပြင်ထွက်ပါက ပါးစပ်နဲ့နှာခေါင်းစည်း ကိုစနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျဆေးခြင်း၊ လုံလောက်စွာအနားယူပြီး အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းဖြင့်လည်း ရာသီတုပ်ကွေးရောဂါမှ ကာကွယ်နိုင်ကြောင်းကိုပြောကြား၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက် အထွေထွေရောဂါဖြစ်ပွားကြသောလူနာများအား ကြပ်ထုပ်ထိုးခြင်း၊ ဆေးစည်းခြင်း၊ ဆေးကပ်ခြင်းနှင့် သောက်ဆေးများပေးခြင်းကို မွန်မြတ်သော စေတနာဖြင့် ကုသဆောင်ရွက်ပေးခဲ့ရာ ဇီးဖြူပင်ကျေးရွာအတွင်းရှိ အမျိုးသားလူနာ(၇)ဦး၊ အမျိုးသမီးလူနာ(၁၃)ဦး၊ စုစုပေါင်း (၂၀)ဦးတို့မှာ ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)