မိုင်းရှူးမြို့တွင် မြို့မစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

မိုင်းရှူး ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် မြို့မစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် စျေးသမဥက္ကဋ္ဌ ဦးဝင်းဇော်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိကအသင်း၏ လုပ်ငန်းစဉ်များဆိုင်ရာ မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဝတ်ရည်နှင်းနှင့် အသင်းစုဥက္ကဋ္ဌ ဦးအောင်မြင့်တို့က အမှာစကားပြောကြားသည်။

ထို့နောက် မြို့မစျေးသမအသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဝင်းက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားရာ သဘာပတိကအဆိုပါရှင်းတမ်းအား အတည်ပြုခဲ့သည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ (၆၈၈၅)သိန်းကျပ်ရှိပြီး စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေကို တာဝန်ရှိသူများက အသင်းသား (၂၇၄)ဦးထံ ပေးအပ်သည်။

အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)