လယ်ဝေးမြို့နယ်၌ စိုက်ပျိုးရေးအထောက်အကူပြု AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

လယ်ဝေး ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊လယ်ဝေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်းကို ကျေးရွာများရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယ‌မန်နေ့ မွန်းလွဲပိုင်းက ပျံချီကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌စောဝင်းကတောင်သူများအနေဖြင့် မိုဘိုင်းဖုန်းကိုအသုံးပြု၍ AI နည်းပညာဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အကျိုးရှိစွာ လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက တက်ရောက်လာသည့် တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုသည့်နည်းလမ်းများ စမ်းသပ်ပြသခြင်း စသည့်ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

လယ်‌ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများရှိ အသိပညာပေးစင်တာများတွင်ယနေ့အထိ တောင်သူ ၁၇၀၈ ဦးအား စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်း အသိပညာပေးခြင်း ၆၁ ကြိမ် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)