မန္တလေးမြို့တွင် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

အောင်မြေသာစံ ဇွန် ၂၄

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ နံနက်ကိုးနာရီခွဲက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး မင်းစံဦး၊ အမှတ် (၁) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဝင်းဇော်၊ အမှတ် (၃) မှုခင်းရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး မျိုးထွန်းဦး၊ အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဘုန်းမင်းစိုး၊ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ အမှတ် (၁၇) နှင့် အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုတို့မှ တပ်ဖွဲ့စုမှူးများနှင့်တာဝန်ရှိသူများ၊ ဆပ်ကော်မတီအသီးသီးမှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူးကိုယ်စား တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး မင်းစံဦးက အဖွင့်အမှာစကား ပြောကြားပြီး အမှတ် (၁) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဝင်းဇော်က စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ မီးရှို့ဖျက်ဆီး‌ရေးလုပ်ငန်းကော်မတီ၊ထိန်းချုပ်ဓာတုပစ္စည်းစွန့်ပစ်ဖျက်ဆီးရေးကော်မတီနှင့် ပြခန်းဖြစ်မြောက်ရေးလုပ်ငန်းကော်မတီတို့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသီးသီး ရှင်းလင်းဆွေးနွေးကြပြီး ဦးစီးအရာရှိ(ပထမတန်း)က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)