ကျောက်ဆည်မြို့၌ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ  အသိပညာပေး၊ စွမ်းအားမြှင့်မီးဖိုများအခမဲ့ဖြန့်ဝေ

ကျောက်ဆည်  ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အပူပိုင်း‌ဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာမှ သစ်တော၊ သစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများကို ဒေသခံပြည်သူများ သိရှိ နားလည်စေရန်၊ ပြည်သူလူထုအသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးတက်လာရန် ရည်ရွယ်၍ ကျေးရွာများသို့ကွင်းဆင်း၍ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူထုပညာပေးဟောပြောပွဲများ ဆောင်ရွက်ကာ ထင်းလောင်စာ ၄၀ ရာခိုင်နှုန်း သက်သာစေသည့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ဖျောက်ဆိပ်ပင်ကျေးရွာတွင် အသိပညာပေးခြင်း၊ စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ ဖြန့်ဝေခြင်းများကို ဇွန် ၂၃ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစွမ်းအားမြှင့်မီးဖိုသည် ဖိုခုံလောက်ဆိုင်မီးဖိုထက် ထင်းသုံးစွဲမှု ၄၀ ရာခိုင်နှုန်းသက်သာစေပြီး ကျေးလက်နေအိမ်ထောင်စုတစ်စု တစ်နှစ်ပတ်လုံးသုံးစွဲပါက ကုန်ကျမည့်ထင်း ၂ ဒသမ ၅တန်၏ ၄၀ ရာခိုင်နှုန်းဖြစ်သော ထင်းတစ်တန်လျော့နည်းသက်သာခြင်း၊ လောင်စာတောင့်များအား ထင်းအစားထိုး သုံးစွဲခြင်းထက် မြို့နေအိမ်ထောင်စုတစ်စုအတွက် တစ်နှစ်လျှင် ထင်းလိုအပ်ချက် ၁ ဒသမ ၄ တန် ဖြစ်သောကြောင့် လောင်စာတုံး ၁၇၅၀တုံး သုံးစွဲခြင်းဖြင့် ထင်းတစ်တန် လျော့နည်းသက်သာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ထင်းအစားထိုး အခြားလောင်စာသုံးစွဲရေးနှင့်လူထုပညာပေးဟောပြောပွဲများကို တစ်လလျှင် သုံးကြိမ်နှုန်းဖြင့် တစ်နှစ်လျှင် (၃၆)ကြိမ်စုစုပေါင်းကျေးရွာ(၃၆)ရွာကို တစ်ကြိမ်လျှင်စွမ်းအားမြှင့်အေဝမ်းမီးဖို အလုံးရေ ၂၀ ဖြင့် (၃၆)ကြိမ်အတွက်စွမ်းအားမြှင့် အေဝမ်းမီးဖို အလုံးရေ ၇၂၀ နှင့် ရွာနန်းစံပြကျေးရွာတွင် သံပုံးစွပ် မီးဖို အလုံးရေ ၂၀၀ အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်သည်။  ကျောက်ဆည်မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသနေ ပြည်သူလူထုအား ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးစက်ကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်၊ ကန်နှင့် မြစ်ချောင်းများ၏ ရေဝေရေလဲဒေသများအား စိမ်းလန်းစိုပြည်ရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေမြေသဘာဝကောင်းမွန်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျောက်ဆည်မြို့နယ် ရဒါန်းချောင်းဆုံ အကွက်အမှတ်(၁၇)အတွင်း ကျေးရွာသုံးစိုက်ခင်း ဧက ၃၀ နှင့် အကွက်အမှတ်(၇)အတွင်း အထူးစိမ်း(တစ်အုပ်တစ်မ)ပျိုးပင်မျိုးစုံ အပင် ၂၀၀၀ စိုက်ပျိုးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သက်မောင်-ကျောက်ဆည်