တောင်ကြီး ဇွန် ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃)မျိုးဖွင့်ပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရွိုင်ရယ် တောင်ကြီးဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်စဥ်ဘဏ္ဍာငွေများလျာထားပြီး အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၃)မျိုးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ပထမကြိမ်ဖွင့်လှစ်ပေးသော သင်တန်းဖြစ်ပါကြောင်း၊ ထို့အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် တောင်ကြီးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃) မျိုးကို(၁)ကြိမ်၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်း(၁)ကြိမ်၊ တရုတ်အစားအစာ ချက်ပြုနည်းသင်တန်း (၁)ကြိမ်ကိုလည်းကောင်း၊ ကလောမြို့တွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၃)မျိုး (၁)ကြိမ်၊ အသိပညာပေးဆွေးနွေးပွဲ(၁)ကြိမ် ကိုလည်းကောင်း၊ တာချီလိတ်မြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃) မျိုး (၁) ကြိမ် ကိုလည်းကောင်း သင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ စုစုပေါင်းသင်တန်း(၅)ကြိမ်နှင့် ဆွေးနွေးပွဲ(၁)ကြိမ်တို့မှ သင်တန်းသား(၄၂၅)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ခရီးသွား မြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုများအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ခရီးသွားလုပ်ငန်းဖိုရမ်ကို ၂၀၂၄ခုနှစ်မေလ(၂၄)ရက်နေ့တွင် ကလောမြို့၌လည်းကောင်း၊ (၁၄)ကြိမ်မြောက် အာခါရိုးရာဒန်းစီးပွဲတော်ကို ၂၀၂၄ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ အူးဖူးဒေးကျေးရွာတွင် လည်းကောင်း၊ ၂၀၂၅ ခုနှစ် ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လွိုင်မွေတောင်စခန်းမြို့တွင် လည်းကောင်း၊ အင်းလေးကန်ဖြတ်ကျော် စက်ဘီးစီးပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်တွင် ညောင်ရွှမြို့၌လည်းကောင်း၊ ကလောလမ်းကြမ်း အပြေးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှ (၈)ရက်နေ့အထိကို ကလောမြို့၌လည်းကောင်း ကျင်းပဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ခရီးသွား မြှင့်တင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် သင်တန်းတွင် ဟိုတယ်၊ တည်းခိုရိပ်သာ၊ စည်ပင်လိုင်စင်ရတည်းခိုခန်းနှင့် စားသောက်ဆိုင်များတွင် ဝင်ရောက် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများအား မိမိတို့ဒေသသို့ စီးပွားရေးလုပ်ငန်းများအရသော်လည်းကောင်း၊ အပန်းဖြေအနားယူရန်အတွက် သော်လည်းကောင်း လာရောက်လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်စေရန်အတွက် ကျွမ်းကျင်သောနည်းပြဆရာ၊ ဆရာမများက ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ဗဟုသုတနှင့် အတွေ့အကြုံကောင်းများရရှိအောင် ကြိုးစားသင်ယူလိုက်နာမှတ်သားကြရန် အထူးအလေးထား မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလှည့်လည် နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း(၃)မျိုးတွင် တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်များမှ သင်တန်းသား၊ သင်တန်းသူ (၉၀) ဦး တက်ရောက်ပြီး သင်တန်းကို ဇွန်လ(၂၃)ရက်မှ ဇူလိုင်လ (၁၈) ရက်အထိ သင်တန်းနည်းပြဆရာ (၃) ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)