လယ်ဝေး ဇွန် ၂၄
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ ကြောင်ရေကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာ၊ ကွင်းအမှတ် ၁၇၉၃၊ တောင်သူ ဦးမျိုးသိန်း၏ လယ်မြေ ၇ ဧကတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် ရေဆင်းပေါ်ဆန်း (၂) စပါးမျိုး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး၍ ကွင်းအမှတ် ၁၇၉၃၊ တောင်သူဒေါ်လှတုတ်၏ ယာမြေ ၂ ဒဿမ ၅၀ ဧကတွင် ၂၀၂၅ ခုနှစ်၊ မိုးကြိုနှမ်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာရှိ တောင်သူ အသိပညာပေးစင်တာ(KC)တွင် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကြပ်ကော်မတီဝင်များအား တွေ့ဆုံ၍ မိုးစပါးနှင့် မိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံများရိတ်သိမ်း ခြွေလှေ့ရာတွင် အလေအလွင့်နည်းပါးစေရေး၊ ရေပေးမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူအသိပညာပေး ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ၂၀၂၅ ခုနှစ်၊ မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ကြောင်ရေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ကျေးရွာလိုအပ်ချက်များကို လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ကြောင်ရေကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ရန်ပုံငွေဖြင့် ကျေးရွာစာကြည့် တိုက်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ စနစ်တကျ ဆောက်လုပ်ရေး၊ အရည်အသွေး ပြည့်မီစေရေးနှင့် ဇွန်လအတွင်း အပြီးဆောက်လုပ်နိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပသည့် တိုင်းအဆင့် ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက်နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွင်း ဦးစားပေးဆောင်ရွက်ရမည့် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများမှ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအမံများကို မိမိတို့သက်ဆိုင် ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)