တောင်ကြီး ဇွန် ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ခွင့်ပြုလမ်းညွှန်မှုများနှင့်အတူ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီနှင့် AIA Myanmar အာမခံလုပ်ငန်းကုမ္ပဏီတို့မှ အဓိကကူညီပံ့ပိုးပြီး ရှမ်းပြည်နယ်လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (SSYEA)ကကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ယမန်နေ့ နံနက် ၆ နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားကွင်းရှေ့၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်စက်ဘီးအားကစားသမားများက ကြိုးစားယှဉ်ပြိုင်စီးနှင်းခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား အသက် (၂၀)နှစ်အောက် ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများ၊ အမျိုးသား အသက် (၄၀)နှစ်အထက် ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများ၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများ၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းမှ စက်ဘီးစီးအားကစားသမားများနှင့် စက်ဘီးဝါသနာရှင် ၂၅၀ ဦးကျော် လာရောက်ယှဥ်ပြိုင်ခဲ့ကြပြီး စက်ဘီးပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ AIA Myanmar ကုမ္ပဏီမှတာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)