နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းအား ကြည့်ရှုအားပေး၊ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး ပျဉ်းမနားမြို့ ခုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများက ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး‌ နေ‌မှုအ‌ခြေအ‌‌နေများ၊ လူမှုရေးအသင်းအဖွဲ့များမှ အခမဲ့ဆံသပေးခြင်းနှင့် စတုဒိသာ ကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်‌ဗစ်ရှင်းဗဟိုဌာန (၁) သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများကို စနစ်တကျပြန်လည် အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်အောင်မြင်ဆည်သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်း‌ကျောတမံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အားနှင့် စက်ယန္တယားများ တိုးမြှင့်ဆောင်ရွက်ရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇဌာနီလမ်းမကြီးနှင့် ရာဇသင်္ဂဟလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC)ခင်းကျင်းနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)