မုဒုံ ဇွန် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၉ ရက်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန (မော်လမြိုင်)မှ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စီမံခန့်ခွဲရေးအရအရေးယူခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အဓိပ္ပါယ်၊ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများ သိရှိရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဟောပြောပွဲကို သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ နည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)