ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီအချိန်က အမှတ်(၈)ရပ်ကွက် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်စိုးစိုးအေးခေါင်းဆောင်သောအဖွဲ့(၁)သည် အမှတ်(၈)ရပ်ကွက် ဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပြီး ထိုသို့ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများ၊ အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ၊ ယာယီအိမ်ထောင်စုထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းနှင့် EKo3 စက်ဖြင့် Biometric ကောက်ယူခြင်းလုပ်ငန်းများပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ