ညောင်ဦး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ သီရိပစ္စယာရပ် အေဒီ ၁၁ ရာစု၊ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား ဇွန် ၂၃ ရက်၊ နံနက် ၈ နာရီခွဲ အချိန်က စတင်ကပ်လှူလျက်ရှိကြောင်း သိရသည်။
ပုဂံမြို့သစ်၊ သီရိပစ္စယာရပ်ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး ရွှေသင်္ကန်းကပ် လှူခြင်းအား ဆရာတော်အရှင်သူမြတ်များဦးဆောင်၍ ရွှေသင်္ကန်းကပ်လှူခြင်းနှင့်အတူ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံ အဖွဲ့ဝင်များ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့ဝင်များက သတ်မှတ်နေရာ အသီသီးတွင် နေရာယူ၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား စတင်ကပ်လှူကြသည်။ မြန်မာပြည်အရပ်ရပ်ရှိ ကုသိုလ်ရှင်များအနေဖြင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းအား သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြပြီး လှူဒါန်းလိုပါက ၉ လက်မပတ်လည် ရွှေသင်္ကန်းတစ်ချပ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီ ဘဏ္ဍာရေးမှူး ဉီးထင်လင်းဦး ဖုန်းနံပါတ် ၀၉-၄၀၂၅၀၀၃၈၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း