လသာ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community center) ခန်းမတွင် ယမန်နေ့နံနက်(၁၁း၀၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲများနှင့်ဆုပေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်တိုက်ကွန်ဒိုနည်းပြဆရာမ ဒေါ်ခင်မျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကျန်းမာရေးအကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်သည့် ပတ်၀န်းကျင်တစ်ခုဖြစ်ရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကိုကျင်းပခဲ့ပြီး ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပြသထားသောစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ တိုက်ကွန်ဒိုသင်တန်းနည်းပြဆရာမနှင့် သင်တန်းသား၊ သင်တန်းသူများ မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)