ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပျော်ဘွယ် ဇွန် ၂၃

ပျော်ဘွယ်မြို့နယ်တွင် သစ်ဆိမ့်ပင်ကျေးရွာနှင့် ပိတောက်ပင်ကျေးရွာတို့မှ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးသည် အဆိုပါ ကျေးရွာစိုက်ခင်းများသို့ ဇွန်၂၂ ရက် နံနက်၉ နာရီခွဲက သွားရောက်ကြည့်ရှုအားပေးသည်။

ထို့ကဲ့သို့ကြည့်ရှုအားပေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးက စပါးရိတ်သိမ်းချိန်တွင် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အလေအလွင့်မရှိစေရေး၊ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ နည်းပညာများရယူရေး၊ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး၊ ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း မျိုးစေ့နှင့်သွင်းအားစုများ၊ မျိုးစေ့ချကိရိယာများပံ့ပိုးပေးနိုင်ရေး၊ ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ မျိုးစေ့ချကိရိယာ Drum Seeder အသုံးပြုစိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းကောင်းမွန်ပြီး မျိုးစေ့သုံးစွဲမှုနှုန်းထားလျှော့ချနိုင်မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ချောင်းမကြီးဆည်မှ နွေသီးနှံအတွက်ဖြန့်ဝေပေးသည့် ဆည်ရေဖြင့် သစ်ဆိမ့်ပင်ကျေးရွာနှင့် ပိတောက်ပင်ကျေးရွာတို့မှ သမဝါယမအသင်းသားတောင်သူများအနေဖြင့် နွေစပါးစိုက်ဧက (၂၅၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)