ချမ်းမြသာစည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အခွန်ဦးစီးဌာနမှူးရုံး၏ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ချမ်းမြသာစည်မြို့နယ်၊လမ်း ၆၀၊ မနော်ဟရီထောင့်ရှိ Swallow Hotel ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခွန်ပညာပေးရှင်းလင်း ဆွေးနွေးပွဲတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် မန္တလေးတိုင်း ဒေသကြီး၊ အခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဦးက တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလွယ်ကူစွာ သိရှိနိုင်စေရန် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်းများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ စသည်တို့ကို အခွန်ပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ များအား အခွန်ဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။
ချမ်းမြေ့ (ချမ်း/စည်)