နမ့်စန်တွင်  မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု မဲနှိုက်ရွေးချယ်

နမ့်စန်() ဇွန် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားနှင့်အမျိုးသမီးဘောလုံး ပြိုင်ပွဲအုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းက  အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက ဘောလုံးပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်  အမျိုးသားနှင့်အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကိုမဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခဲ့ကြသည်။

အဆိုပါ ကျောင်းပေါင်းစုံ(၁၈)နှစ်အောက် အမျိုးသားနှင့်အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ဇူလိုင်လပထမပတ်တွင် စတင်ကျင်းပမည်ဖြစ်ကာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အမျိုးသား(၁၆)သင်း၊ အမျိုးသမီး(၆)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင် အသင်း (၂၂) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်  ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)