မိုင်းပျဉ်းမြို့ ယမ်းမိုင်ကျေးရွာ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးရှင်းလင်းပွဲနှင့် ပြည်သူ့စစ်မှုထမ်းအကြောင်း ရှင်းလင်းပွဲ ကျင်းပ

မိုင်းပျဉ်း ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးရှင်းလင်းခြင်းနှင့် ပြည်သူ့စစ်မှုထမ်းအကြောင်းရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီက ‌ ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပြည့်သူ့စစ်မှုထမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ မြို့နယ်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီအဖွဲ့ဝင် ဥပဒေအရာရှိ ဦးမျိုးဇော်အောင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဥပဒေများအကြောင်းကိုလည်းကောင်း၊ လမ်းဦးစီး ဒေါ်သူဇာခိုင်က လမ်းနယ်နှင့်လမ်းမကြီးများဥပဒေအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက မူးယစ်အန္တရာယ်နှင့်စာကြည့်တိုက်ရေရှည်ရှင်သန်ရေးအကြောင်း၊ မြို့နယ်ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းတို့ကို ရှမ်းဘာသာဖြင့်လည်းကောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီအဖွဲ့ဝင်များ၊ ယမ်းမိုင်ကျေးရွာပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)