ပင်လုံ ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)အချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ''မူးယစ်ဆေးဝါးအန္တရာယ်''ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးဖြင့်လည်းကောင်းဟောပြော၍ ကျောင်းသား/ကျောင်းသူလူငယ်များအား စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ဉာဏများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အပြန်အလှန်မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်မူးယစ်အန္တရာယ် စုပေါင်းကာကွယ် နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ပြီး အဆိုပါဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲမှ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အန္တရာယ်များ၊ ဆိုးကျိုးများနှင့်စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကိုလည်းရရှိခဲ့ကြောင်း ကျောင်းသား/ကျောင်းသူလေးများထံမှ သိရပါသည်။
မြို့နယ် (ပြန်/ဆက်)