တောင်ကြီး ဇွန် ၂၂
မိုးရာသီကာလဝင်ရောက်လာပြီဖြစ်၍ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် ယမန်နေ့နံနက်(၈)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း ပတ်ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်၊ ရေမြောင်းများ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးရန် ကြိုတင်ပြင်ဆက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ဘဲဥရေကန်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ရေထွက်များ ထိန်းသိမ်းပေးရန်နှင့် ရေကန်ပတ်လည် ခြံစည်းရိုးများ ဆောင်ရွက်ထားရှိရန် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူအား မှာကြားခဲသည်။
ဘဲဥရေကန်သည် အရေအတွက်(၂)ကန်ရှိပြီး ရေသိုလှောင်နိုင်မှုပမာဏ ဂါလံ(၁)သန်းရှိ၍ မိုးတွင်းကာလ ပါမိုးနဲရေထွက်နှုန်းများသည့်ကာလတွင် ရေစုဆောင်းထားပြီး ပါမိုးနဲရေထွက်နှုန်းနည်းသည့်ကာလတွင် ရေကူပေးသည့်ကန်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပါမိုးနဲရေထွက်နှင့် ရေကန်တို့အား သွားရောက်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ်က ပါမိုးနဲရေကန်အတွင်း ရေများအမြဲရှိစေချင်ကြောင်း၊ ရေကန်ပတ်ဝန်းကျင်ရှိ အိမ်နေရာများ ပြန်လည်စိစစ်၍ ကျူးကျော်မှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ရေကန်ဘောင်ရှိစျေးများကို စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ပေးရန်၊ အမှိုက်များကိုလည်း စနစ်တကျ စွန့်ပစ်နိုင်ရေး ထိန်းသိမ်းဆောင်ရွက်ပေးရန်နှင့် ရေကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးပေးကြရန် လိုအပ်ကြောင်း သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)