ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာပေဟောပြောပွဲ တက်ရောက်အားပေး

အင်းစိန် ဇွန် ၂၂

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့အကြို "စာပေဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ကျင်းပရာ ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှုး၏ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှတာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကမာရွတ်မြို့နယ်၊ အမှတ်(၂)အအခြေခံပညာမူလတန်ကျောင်းမှ ကျောင်းသူလေးများက ရတနာပုံအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် ဆရာမ မမိုးမြေက အတိတ်ခေတ်မြန်မာအမျိုးသမီး၏ ပုံရိပ်များ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက မလေးလက်ခတ်သံအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် ဒေါက်တာနန္ဒဝင်း(ဆေး-၁)က အနာဂတ်၏ ဖန်တီးရှင် မိခင် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် မြန်မာ့သိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း သိုင်းဆပ်ကော်မတီမှ အားကစားသမားများက သရုပ်ပြတင်ဆက်ပေးခဲ့ကြပြီး စာပေပညာရှင် ဒေါက်တာ ခင်ဆွေမြင့်က "စာပေထဲက မိန်းမလှ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ပြီး စာပေပညာရှင် မြင်းမူမောင်နိုင်မိုးက" ချစ်ခြင်းဖြင့် သာရှုမြင်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက ဝေဇယန္တာ(အဆို၊အတီး၊အက)ဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက် ရေး(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစာင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းတို့က ဟောပြောပေးခဲ့ကြသည့် စာပေပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစာင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)