ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့၊ အဘယရာဇမုနိဆင်းတုတော်တို့၏ စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ရင်ပြင်တော်နေပူခံ ကျောက်ပြားခင်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

စစ်တွေ    ဇွန်  ၂၁

ရခိုင်ပြည်နယ်အစိုးရကကြီးမှူး၍ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကိန်းဝပ်အပူဇော်ခံလျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်တို့၏ စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်လှူဒါန်းခြင်းနှင့် စေတီတော်မြတ်ကြီး ရင်ပြင်တော်အား နေပူခံကျောက်ပြားခင်းခြင်းအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ကျင်းပရာ ပြည်နယ် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များမာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့အား ပန်း၊ ဆီမီး၊ ရေချမ်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်တို့အား စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး တာဝန်ရှိသူများက ဆင်းတုတော်များအား အမွှေးနံ့သာရေများ ပက်ဖြန်းပူဇော်ကြသည်။

ယင်းနောက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်မှုဆည်းပူးခြင်းကို စေတီတော်အတွင်း၌ကျင်းပရာ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ဆက်လက်၍ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ရင်ပြင်တော်နေပူခံကျောက်ပြားခင်းခြင်း ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်လှူဒါန်းခြင်းနှင့် စေတီတော်မြတ်ကြီးရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုမှတ်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)