မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

မက်မန်း ဇွန် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မက်မန်းခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်ပိုင်းဦးမှ မူးယစ်ဆေးဝါးနှင့် ဥပဒေအခန်းကဏ္ဍအကြောင်း ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင်မှ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ မူးယစ်ဆေးဝါးသုံးစွဲခြင့်ဖြင့် နောက်ဆက်တွဲခံစားရမည့် ဆိုးကျိုးများအကြောင်းတို့ကို Power Point များဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ ဆွေးနွေးဟောပြောခဲ့ကြသည့် အကြောင်းအရာများကို အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀) ဦးအားမေးခွန်းများမေးမြန်း၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနား တက်ရောက်လာကြသူများကို မက်မန်းခရိုင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ တာဝန်ခံထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ရွှေသံလွင် (မော်ဖမြေ) လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ ဆရာမများက စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(ပြန်/ဆက်)