မော်လမြိုင် ဇွန် ၂၂
မွန်ပြည်နယ်တွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထားချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ၂ဝ၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊ မြို့တိုးချဲ့ အိမ်ရာမြေအတွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ မိုးရာသီအတွင်း မွန်ပြည်နယ်တစ်ဝန်းလုံးမှာ သစ်ပင်စိုက်ပျိုးပွဲတော် (၁၄)ကြိမ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သစ်ပင်ပေါင်း (၉,၃၄၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ပြီး ယနေ့အချိန်ထိ သစ်ပင်စိုက်ပျိုးပွဲတော် (၁၁) ကြိမ်၊ သစ်ပင်ပေါင်း (၇,၇၄၀) ပင်ကို လူထုလှုပ်ရှားမှုဖြင့် စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယနေ့ သစ်ပင်စိုက်ပျိုးပွဲတော်မှာ သစ်မျိုး ( ၉ ) မျိုး၊ အပင် (၁,၅၀၀)ပင် စိုက်ပျိုးသွားမှာဖြစ်ပြီး လှိုင်ရပ်ကွက်၊ မြို့တိုးချဲ့အိမ်ရာမြေနှင့် လိုက်ဖက်ပြီး ရာသီအလိုက် ဖူးပွင့်သည့် ရနံ့သင်းပျံ့တဲ့ ကံ့ကော်၊ ခရေ၊ စိန်ပန်း(နီ)၊ စိန်ပန်း(ဝါ)၊ ငုရွှေဝါ၊ ရေတမာ၊ ရင်ခတ်၊ အနန်း၊ ပျဉ်းမ သစ်မျိုးများကို အစီအစဉ်တကျ စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ စိုက်ပျိုးပြီးနောက်ပိုင်း ရာသီအလိုက် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းတွေဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ မြေစိုဓာတ်ထိန်းသိမ်းခြင်း၊ ကျွဲ/ နွား တိရစ္ဆာန်များ ဖျက်ဆီးခြင်း မရှိအောင် ကာကွယ်ခြင်းစသည့် ပြုစုထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်မှသာ စိုက်သမျှ အပင်များ ကောင်းမွန်စွာရှင်သန်မှာဖြစ်၍ ရှင်အောင် စိုက်ပျိုး၊ ကြီးအောင် ပြုစု၊ မြဲအောင် ထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နဲ့ ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်း နိုင်ရေးအတွက် သစ်ပင်သစ်တောများဟာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိရာ ယနေ့စိုက်ပျိုးသည့် သစ်တောသစ်ပင်နှင့် ပန်းအလှပင်များအား ရှင်သန်ကြီးထွား အောင်မြင်မှုရရှိစေရေး ပြည်သူအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မိုးရာသီစိုက်ပျိုးမည့် အပင်များအား စိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သစ်မာအမျိုးအစားများဖြစ်သော ကံ့ကော်၊ ခရေ၊ စိန်ပန်း(နီ)၊ စိန်ပန်း(ဝါ)၊ ငုရွှေဝါ၊ ရေတမာ၊ ရင်ခတ်၊ အနန်း၊ ပျဉ်းမ စသည့်သစ်ပင်အမျိုး အစားများအား တာဝန်ရှိသူများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလေးများနှင့်၊ အများပြည်သူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်အနေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီတွင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူထုဖြန့်ပျိုးပင် လျာထားချက် အပင်ရေ(၃) သိန်းကို စိုက်ပျိုးထားလျက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ကျရောက်သည့် ယခုလို မိုးရာသီကာလတွင် သစ်ပင် အမျိုးမျိုးတို့ကို ဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည် အစားထိုးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုနှင့် ဂေဟစနစ်ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ကွမ်တာကျေးရွာရှိ ဦးလင်းလင်းထွန်း၏ အသားတိုးကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ ဦးစွာ ပြည်နယ်မွေးမြူးရေးကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက အသားတိုးကြက်ရုံ (၆)ရုံ၌ CP Broiler အသားတိုးကြက်ကောင်ရေ(၁၈၀၀၀)မွေးမြူထားရှိမှု၊အစာရရှိမှု၊ တစ်နှစ်ပိဿာ (၁၈၃၆၀၀)ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီနည်းစနစ်များ အသုံးပြုမွေးမြူသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက် ကြစေလိုကြောင်း၊ မွေးမြူရေးခြံ သန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မွေးမြူရေးခြံအတွင်း (၄၅)ရက်သား ကြက်ရုံနှင့် (၁၈)ရက်သားကြက်ရုံတို့၌ မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)