ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ) မှ  ကွင်းဆင်း‌ဆေးကုသပေး

ခရမ်း ဇွန် ၂၂

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-ရန်ကုန်ရုံးခွဲ) ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှနယ်လှည့်ဆေးကုသအဖွဲ့နှင့် ခရမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ကွင်းဆင်း၍ ကျေးရွာနေပြည်သူများအား လာရောက်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါနယ်လှည့်ဆေးကုသမှုဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ   အထွေထွေရောဂါကုဆရာဝန်များက ဇွန် လ ၁၆ ရက်နေ့မှ  ၂၀ ရက်နေ့ အထိ ကျေးလက်နေပြည်သူများအားဆေးကုသမှုများဆောင်ရွက်‌ပေးခဲ့ရာ လူနာစုစုပေါင်း(၈၆၅)ဦးကို အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ (၈၃၇)ဦးအား ဓါတ်မှန်ရိုက်စစ်ဆေးပေးခြင်း၊ တီဘီရောဂါရှာဖွေပေးခြင်း၊ လူနာ(၃၀)ဦးကို သလိပ်စစ်ဆေးပေးခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

တီဘီရောဂါစစ်ဆေးခြင်းနှင့်အတူ အထွေထွေရောဂါများအားစစ်ဆေးကုသခြင်းများကို  ခရမ်းမြို့နယ်အတွင်းရှိ ကင်မွန်းခြုံကျေးရွာ၊ ဘုရားပျိုကျေးရွာ၊ ကမာမတ်ကျေးရွာ၊ ပိန်းကန်ကျေးရွာ၊ တမံကြီးကျေးရွာတို့တွင် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ခြင်းဖြစ်‌ကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)