နေပြည်တော် ဇွန် ၂၂
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University (NSPU) နှင့် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၀ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ Naypyitaw State Polytechnic Universityမှ ပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ပေးအပ်လှူဒါန်းရာ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ်က လက်ခံရယူခဲပြီး လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ Naypyitaw State Polytechnic University မှ မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်းသူ မအေးမြတ်သီရိအောင်က ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်းအလေ့အထ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်သုတအောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး အတတ်ပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်းသူ မမြတ်သဉ္စာကျော်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်သီဟအောင်က လူငယ်နှင့်ခေါင်းဆောင်မှုစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)