တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် အသိပညာပေးဟောပြောသရုပ်ပြခြင်းများဆောင်ရွက်

တာချီလိတ် ဇွန် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် သရုပ်ပြခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ပေါ်လင်းက ဦးစွာ ငလျင်ဘေး၊ မုန်တိုင်းအန္တရာယ်၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုရှင်းလင်းပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် မိသားစုအတွင်း ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများဖြစ်သည့် မိသားစုဝင်တိုင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိ/သတိရှိကြစေရန် တစ်ဦးတစ်ယောက်စီတိုင်းတွင် တာဝန်ရှိကြောင်း၊ သဘာဝဘေးဖြစ်ပေါ်နေစဥ် အရေးပေါ်ကာလအတွင်း ဆက်သွယ်နိုင်ရေး ဖုန်းနံပါတ်များနှင့် အရေးကြီးပစ္စည်းများပျက်စီးဆုံးရှုံးမရှိစေရေး ဘေးအန္တရာယ်ဖြစ်ပွားမှုပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားသင့်ကြောင်း၊  မိသားစုတွင်း ကြိုတင်ပြင်ဆင်မှုအားကောင်းခြင်းဖြင့်ရပ်ကွက် ကျေးရွာနှင့် မြို့နယ်အဆင့် ထိခိုက်ဆုံရှုံးမှုနည်းအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိနေထိုင်ရာအရပ်ဒေသရှိ ဖြစ်ပွားနိုင်သည့်သဘာဝဘေးများသိရှိထားရန်နှင့် စိတ်တည်ငြိမ်စွာဖြင့် ရင်ဆိုင်တုံပြန်နိုင်ဖို့လိုအပ်ကြောင်း၊ အရေးပေါ်အိတ် ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် သစ်ပင်အိုသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းထားရန်နှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားသင့်ကြောင်းတို့အား အကျယ်တဝံ့ရှင်းလင်းပြောကြားသည်။

ယင်းနောက် အိမ်တွင်းမှုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသူများနှင့်အတူ သဘာဝဘေးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့လျှင် အရေးပေါ်ဆောင်ရွက်ပုံများကို လက်တွေ့သရုပ်ပြလေးကျင့်ပေးခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

အေးအေးလတ်

တာချီလိတ်(ခရိုင်ပြန်/ဆက်)