ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆောင်ရွက်

ညောင်ရွှေ ဇွန် ၂၁

အခြေခံပညာ ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတက်စေရန်၊  တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မတ္တမြားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်ထွန်းဦးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်စကား ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပေးအပ်သည့် အားကစားပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။

၎င်းနောက် Grade-10 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်ခန့်ဇော်ထူးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဇင်ပိုပိုမြင့်က “လူငယ်နှင့်အရည်အချင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မပိုးဝတီမင်းသွေးက “လူငယ်နှင့်ရွေးချယ်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်ကောင်းဇော်က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးစကားဝိုင်း ဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ဆွေးနွေးခဲ့သူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ