မှော်ဘီ ဇွန် ၂၀
မှော်ဘီမြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရေးနှင့် အလုပ်သမားများဥပဒေပါ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အလုပ်ခွင်မပျက် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မှော်ဘီမြို့နယ်ရှိ Su Yu Ei Co.,Ltd အထည်ချုပ်စက်ရုံ၊ Kido Yangon Co.,Ltd အထည်ချုပ်စက်ရုံ၊ Myanmar D System Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့် Myanmar Sock Co.,Ltd ခြေအိတ်ချုပ်စက်ရုံများသို့ Mobile Training Bus ဖြင့် သွားရောက်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ရွှေပြည်သာမြို့နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းကိုကိုနှင့် မှော်ဘီမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးနေဝင်းတို့က ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ၁၉၇၁ ခုနှစ်၊ အလုပ်ရုံ (သူနာပြုရေးဆိုင်ရာ) ညွှန်ကြားချက်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် အလုပ်ရှင်အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို သိရှိလာပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်မွန်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှု တိုးတက်ကာ နိုင်ငံ၏စီးပွားရေးကဏ္ဍများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်) မှော်ဘီ