မြစ်သား ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းအစီစဉ်ဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို မြစ်သားမြို့နယ် ကူမဲမြို့ တောက်ပရစ်ဇာတ်ရုံဝန်းအတွင်း၌ ယနေ့ နံနက်(၇)နာရီမှ စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကူမဲမြို့ရှိ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ သတ်မှတ်ထားသော စျေးနှုန်းများဖြင့်သာရောင်းချရန် ဆန်ပြည်ပေါင်း (၂၄၀)ပြည် တစ်ပြည်လျှင် (၃၃၀၀)ကျပ်၊ စားအုန်း ဆီ(၁၁၀) ပိဿာတစ်ပိဿာလျှင် (၇၃၈၀)ကျပ်၊ အမဲသား(၃၀)ပိဿာ တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ဝက်သား(၃၀)ပိဿာ တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ဆိတ်သား(၅)ပိဿာ တစ်ပိဿလျှင် (၂၈၀၀၀)ကျပ်၊ ကြက်သား(၁၀)ပိဿာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်ဥလုံးပေါင်း (၁၅၀၀)လုံး တစ်လုံးလျှင် (၄၀၀)ကျပ် စုစုပေါင်း(၇)မျိုးတို့နှင့် ဟင်သီးဟင်းရွက်မျိုးစုံတို့အား ပြင်ပပေါက်ဈေး ထက်ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့သည်။
အဆိုပါ ရောင်းချရာနေရာသို့ ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများကကြီးကြပ်၍ စျေးဝယ်သူများမှ စည်းကမ်းနှင့်တန်းစီဝယ်ယူရန်၊ စျေးနှုန်းမှန်ကန်စွာရောင်းပေးနိုင်ရေးတို့ကို စစ်ဆေးကြပ်မတ်ပေးပြီး သက်သာသောစျေးနှုန်းဖြင့် ကူမဲမြို့ပေါ်ရှိ (၅)ရပ်ကွက်နှင့်နီးစပ်သည့်ကျေးရွာများမှ ဒေသခံပြည်သူများကလည်း လာရောက်ဝယ်ယူခဲ့ကြောင်း ကူမဲမြို့ စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)