ရန်ကုန် ဇွန် ၂၀
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သန်လျင်ခရိုင်ဘဏ်ခွဲ၏ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုင်းဒေသကြီး မန်နေဂျာ ဦးဇော်သူရက ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ဝါဝါအေးက သီးနှံအာမခံထားရှိမှု အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးနေမှုနှင့် တောင်သူများ သီးနှံအာမခံထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် အ.ထ.က (၁) ကျောင်ဝန်းအတွင်း အမှိုက်ပုံးများ ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သန်လျင်မြို့နယ် ဘယက်ကျေးရွာအုပ်စု တောင်သူဦးကျော်ဝင်းနိုင်၏ လယ်မြေဧက (၁၀၀) တွင် Seeder ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး တောင်သူများအား မေးမြန်းအားပေးကာ မိုးစပါးထွန်ယက်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)