မိုင်းခုတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မြို့သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့က မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးမှ စစ်မှုထမ်းဟောင်းဥက္ကဋ္ဌအားလည်းကောင်း၊ နယ်မြေခံတပ်နယ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝင်းမြင့်ဌေးမှ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးအားလည်းကောင်း၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်မှ မိုင်းခုတ်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့အား ပျိုးပင်များကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျိုးပင်ပေါင်း(၅၀၀)ကို သတ်မှတ်နေရာများတွင် စနစ်တကျ စိုက်ပျိုးခဲ့ကြသည်။
မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ စေရန်၊သဘာဝတောများ ကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် မြေအောက်ရေခမ်းခြောက်မှုမှ ကာကွယ်ရန်စသည်တို့ဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)