မိုင်းယောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုက မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ယာဉ်မမောင်းမီ ကြိုတင်စစ်ဆေးဆောင်ရွက်ရမည့်အချက်များအကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ရပ်များအကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတိပေးသင်္ကေတနှင့် လမ်းညွှန်သင်္ကေတများအကြောင်း၊ ယာဉ်တိုက်မှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ပါဝါပွိုင့်များဖြင့် အကျယ်တဝင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲကို ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ပြုလုပ်ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)