တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်

ထားဝယ်   ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ်၊သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီအလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ တနင်္သာရီတိုင်းဒေသကြီး မုန်တိုင်းဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကမြောကင်းတံတားအနီး ထားဝယ်မြစ်အတွင်း ကျင်းပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့သို့ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင်ပူးပေါင်းအဖွဲ့များက မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် ကမ်းရိုးတန်းတစ်လျှောက်နှင့် ရပ်ကွက်၊ ကျေးရွာများအတွင်းနေထိုင်သည့် ပြည်သူများအား အသံချဲ့စက်ဖြင့် နှိုးဆော်သတိပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား သရုပ်ပြသခြင်း၊ မုန်တိုင်းနှင့် မုန်တိုင်းဒီရေဘေးအန္တရာယ်ရှိသောနေရာများရှိ ပြည်သူများကို ဘေးအန္တရာယ်ကင်းလွတ်ရာနေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများကျိုးကျခြင်း၊ နေအိမ်များပေါ်သို့ သစ်ပင်များ လဲကျခြင်းတို့အား ဖြတ်တောက်ရှင်းလင်းခြင်း၊ လဲကျနေသည့် သစ်ပင်များ၏အောက်တွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ Chain Saw အသုံးပြု ဖြတ်တောက်ဖယ်ရှားကယ်ထုတ်ခြင်း၊ မုန်တိုင်းဒဏ်ကြောင့် ပြိုပျက်သွားသော အဆောက်အဦ၏ အုတ်နံရံအတွင်း ပိတ်မိနေသူများအားရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြု၍ကယ်ထုတ်ခြင်း၊ သစ်ပင်လဲကျပိတ်မိနေသော မော်တော်ယာဉ်ပေါ်မှ ပိတ်မိနေသူအား Hydraulic Cutter အသုံးပြု၍ မော်တော်ယာဉ်၏ပြင်ပသို့ ကယ်ထုတ်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် မြစ်အတွင်း စက်လှေတိမ်းမှောက် ကာ ရေနစ်နေသူများနှင့် ရေတွင်မျောပါလာသူများအား ကယ်ဆယ်ခြင်း၊ Intelligence Life Buoy အသုံးပြု၍ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ် လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့်ဆေးရုံသို့ ပို့ဆောင်ခြင်း၊ ကျန်ရှိ/ပျောက်ဆုံးပြည်သူများရှိ/မရှိကို စာရင်းကောက်ယူ စိစစ်ဆောင်ရွက်ခြင်းစသည့်တို့ကို အချိန်တို အတွင်း အလျှင်အမြန်ပြီးစီးရန်ဇာတ်တိုက် လေ့ကျင့်ကြသည်။ 

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် မုတ်သုံရာသီတွင် ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် အားအလွန်ကောင်းသော မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းရှိ ငါးဖမ်းစက်လှေများ၊ခရီးသွားလာသူများအနေဖြင့် ဘေးအန္တရာယ်ကြုံလာနိုင်ကြောင်း၊ တိုင်းဒေသကြီးသည်မိုးများသောဒေသဖြစ်သည့်အတွက် မြေပြိုမှုများ၊ တာတမံပြိုကျမှုများ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း၊ အထူးသဖြင့် ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကျွန်းများရှိ ဆောက်လုပ်ထားသော နေအိမ်များရေလွှမ်းပြီးပြိုကျမှုများ ကြုံတွေ့လာနိုင်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍မဖြစ်ခင် ကြိုတင်ကာကွယ်သည့်နည်းလမ်းများ၊ ဖြစ်ပွားနေစဉ်ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက် ရေးဇာတ်တိုက်လေ့ ကျင့်ခြင်းဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများတွင် တိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း ပါဝင်သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမွန်မြတ်သောကုသိုလ်ပြုအရေးပေါ်(အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့၊ ဒေသခံပြည်သူများ စုစုပေါင်း(၄၄၄)ဦး ပါဝင်ဇာတ်တိုက်လေ့ကျင့်ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)