တာချီလိတ် ဇွန် ၂ဝ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ရှမ်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးသန်းထိုက်က ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များပြန်လည် လည်ပတ်နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးသန်းထိုက်နှင့်တာဝန်ရှိသူများက တီလားပီးယားနှင့် ရွှေဝါငါးကြင်ငါးသားပေါက် ကောင်ရေ တစ်ဧကလျှင် ၁၀၀၀ နှုန်းဖြင့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က)၊ မိုင်းဖုန်း (ခ)ကျေးရွာ အုပ်စုအတွင်းရှိ ငါးမွေးတောင်သူ ၅၁ ဦး၊ ၃၂ ဒဿမ ၁၇ ဧကအတွက် ငါးကောင်ရေ ၃၂၁၉၀ ကို လည်းကောင်း၊ တာလေမြို့အတွင်းရှိ ငါးမွေးတောင်သူ ၃ ဦး၊ သုံးဧကအတွက် ငါးကောင်ရေ ၃၀၀၀ ကို လည်းကောင်းနှင့် ကျိုင်းလပ်မြို့အတွင်းရှိ ငါးမွေးတောင်သူ ၇၃ ဦး၊ ၆ ဒဿမ ၄၂ ဧကအတွက် ငါးကောင်ရေ ၆၄၂၀ ကိုလည်းကောင်း၊ စုစုပေါင်း ငါးကောင်ရေ ၄၁၅၉၀ တို့ကို ငါးမွေးတောင်သူ များထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)