ရန်ကုန် ဇွန် ၂၀
(၂၃) ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေး(THE 23rd ASEAN FOOD SECURITY INFORMATION SYSTEM (AFSIS) Focal Point Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid စနစ်ဖြင့် ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားအပါအဝင် အာဆီယံအပေါင်းသုံးနိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AFSISအတွင်းရေးမှူးရုံးနှင့် AFTERR အတွင်းရေးမှူးရုံးတို့မှ In-personဖြင့်လည်းကောင်း၊ အွန်လိုင်းဖြင့်လည်းကောင်း စုစုပေါင်းကိုယ်စားလှယ် (၄၉) ဦးတို့က ပါဝင်ဆွေးနွေးကြပြီး AFSIS အတွင်းရေးမှူးရုံး၏ မန်နေဂျာဒေါက်တာ Sumanya Ngandee နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွဋ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။
အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်ကဥက္ကဋ္ဌအဖြစ် အစည်းအဝေးကို ဦးဆောင်ကျင်းပပြီး အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြခြင်း၊ (၂၄) ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမည့် နေ့ရက်နှင့် နေရာများကို အတည်ပြုကြေညာခြင်း၊ အနှစ်ချုပ်အစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အတည်ပြုချက်ရယူခြင်းတို့ကို ဇွန် ၁၇ ရက်မှ ၁၈ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)