မုဒုံမြို့နယ်၌ ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၅၀၀၀ ကျော် ထုတ်ချေးပြီးစီး

မုဒုံ ဇွန် ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ် (၅၃၁၃) သိန်းကို ထုတ်ချေးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးယဉ်ဌေးက ချေးငွေများမထုတ်ချေးမီ ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာ အချိန်မီပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့်စည်းကမ်းချက်များကို အသိပေး ရှင်းလင်းဆွေးနွေးပြောကြား၍ စိုက်ပျိုးစရိတ်ချေးငွေများကို ဒေသခံတောင်သူများထံ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့အထိ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပြီးစီးမှုအနေဖြင့် ကျေးရွာအုပ်စု(၁၅)အုပ်စုရှိ ဒေသခံတောင်သူ ၄၈၅ ဦး၏ မိုးစပါးစိုက်ဧက ၃၅၄၂ ဧကအတွက် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် (၅၃၁၃)သိန်းကို ထုတ်ချေးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ရပ်ကွက်/ ကျေးရွာ (၄၂) အုပ်စုရှိ တောင်သူ (၂၇၆၁)ဦး၏ လယ်ဧက (၂၁၁၂၈) ဧကအတွက် ချေးငွေစုစုပေါင်း (၃၁၆၉၂)သိန်းကို ထုတ်ချေးပေးရန်လျာထားပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကြေပေးဆပ်မှုအပေါ်မူတည်၍ သတ်မှတ်ရက်များတွင် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာထံမှ သိရသည်။

ရာမည (ပြန်/ဆက်)