ဆီဆိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဆီဆိုင် ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း အပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထားကာ သစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများလက်ဝယ်သို့ စိုက်ပျိုးမည့်သစ်ပင်များအသီးသီး ပေးအပ်ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း ၂၀၀ ပင်၊ စိန်ပန်းနီ ၂၀၀ ပင်၊ စိန်ပန်းပြာ ၂၀၀ စုစုပေါင်းပျိုးပင် ၆၀၀ ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)