မောက်မယ် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်မူလတန်းဆင့်ပန်းချီပြိုင်ပွဲ၊ အလယ်တန်းနှင့်အထက်တန်းဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၊ နှင်းဆီဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများ(၃၇)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာစိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြပြီး၊ အလယ်တန်းနှင့်အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများ(၃၉)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများ (၄၂)ဦး ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကိုရွေးချယ်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုလက်ဆောင်များပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)