မိုးနဲမြို့နယ် အမှတ်(၁)မြို့မ အခြေခံပညာအလယ်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ ကျင်းပ

မိုးနဲ ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဟောပြောပွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်မင်းသက်က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ်တွေ့ရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများရှိပါက ကျသင့်မည့်ပြစ်မှုပြစ်ဒဏ်များနှင့် မှုးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဘေးထွက်ဆိုးကျိုးများကို အကျယ်တဝင့်ကျောင်းသား/သူများသိနားလည်နိုင်စေရန် ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ဗလငါးတန်၏အဓိပ္ပာယ်နှင့် ဗလငါးတန်ဖြင့်ပြည့်စုံစေရန်လိုအပ်သည့်အချက်များနှင့် လိုက်နာသင့်သည့်အချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်က ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ချိတ်ဆွဲပြသထားသော မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာအကြောင်းအရာများနှင့် နံရံကပ်ဓာတ်ပုံများပြသခဲ့ကြရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကာ အခမ်းအနားပိတ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်လုပ်ငန်းပိုမိုတွင်ကျယ်လာစေရေးအတွက် တာဝန်ရှိသူများကြည့်ရှုခဲ့ကြပြီးလိုအပ်သည့်အချက်များကို ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)