ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်ကြီးခန့်မင်းက အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီသီဝင်းတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများကျူးလွန်ပါက ချမှတ်ခြင်းခံရမည့်ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များ၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း၊ အလုပ်သမားရေးရာကိစ္စရပ်များအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။

ထို့‌နောက် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)