ဆေးတက္ကသိုလ်-​တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

တောင်ကြီး ဇွန် ၂၀

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်ရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီမီပါဝင်ယှဥ်ပြိုင်အနိုင်ရေး၊ အမျိုးသားအားကစားပွဲများတွင် ပြည်နယ်အဆင့်နှင့် ဝန်ကြီးဌာနအဆင့်များတွင် အဆင့်မီစွာ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဘောလုံးအားကစားနည်းဖြင့် လူငယ်များ၏စွမ်းရည်၊ ဝါသနာနှင့်စိတ်ဓာတ်များကို ဖော်ထုတ်ရာလမ်းကြောင်းဖြစ်၍ ရိုးသားဖြောင့်မတ်ခြင်း၊ လေးစားမှုနှင့်ညီညွတ်ခြင်းတို့ကိုဖော်ပြသည့် နေရာလည်းဖြစ်ပါကြောင်း၊ အားကစားသည် လူငယ်များအား ကိုယ်ကျင့်တရား၊ စည်းကမ်းနှင့်စွမ်းဆောင်ရည်မြင့်မားမှုကို ပိုမိုရရှိစေပြီး နိုင်ငံတော်တိုးတက်ရေးအတွက် အုတ်မြစ်ချပေးသည့် ကဏ္ဍလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ထဲတွင် လူမှုရေးဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အမြဲဦးစားပေးဆောင်ရွက်လျက်ရှိပြီး လူငယ်များ၏အနာဂတ်ကို ပိုမိုတောက်ပစေရန် မျှော်မှန်းလျက်ရှိပါကြောင်း၊ ဆေးတက္ကသိုလ်ကျောင်းသားများသည် ကျောင်းစာကို အမြဲလေ့လာနေကြပြီး မအားလပ်သည့်ကြားက ခုလို့ အားကစားစိတ်ဓာတ်အပြည့်နှင့် ယှဥ်ပြိုင်ကြသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ စာပေထူးချွန်ရုံသာမက အားကစားမှာပါ ထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားလိုစိတ်ရှိသည့်ကို ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆေးတက္ကသိုလ် တောင်ကြီးပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲဝင်အသင်းများက ပြည်နယ်ဝန်ကြီးချုပ်အား ချီတက်အလေးပြုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမားအသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အတန်းလိုက် Cheer Leader အကမယ်များက ပန်းဖွားအကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

၎င်းနောက် ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်တံခွန်စိုက် ဖလားဘောလုံးပြိုင်ပွဲတွင် အဖွင့်ပွဲစဥ်အဖြစ် Medical Year 1 FC နှင့် Medical Year 3 (5/2025) အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည်ရှုအားပေးကြကြောင်း သိရှိရသည်။

အဆိုပါ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်ဆိုက်ဖလားဘောလုံးပြိုင်ပွဲကို ဇွန်လ (၁၈)ရက်မှ (၂၈)ရက်နေ့အထိ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအသင်း (၆)သင်းရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)