လွိုင်လင် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က အစည်းအဝေးခေါ်ယူရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက ဦးစီးဌာန၏ ရည်မှန်းချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများကို ဗီဒီယိုကလစ်ဖြင့်လည်းကောင်း၊ အလားတူ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာမြင့်က ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းထားမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားရာ ကော်မတီဝင်များမှ ဆွေးနွေးအကြံပြုကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က ဆွေးနွေးအကြံပြုချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)