လင်းခေး ဇွန် ၂၀
သဘာဝပတ်ဝန်းကျင်အားထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်နှင့် နိုင်ငံ့စီးပွားအား တစ်ဖက်တစ်လှမ်းအထောက်အကူပြုစေရန်တို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီက လင်းခေးမြို့ တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ်စိုက်ပျိုးပွဲမကျင်းပမီ လင်းခေးတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်တို့က ပျိုးပင်များပေးအပ်ကြရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ရှိသူအသီးသီးတို့က လက်ခံရယူခဲ့ကြပြီးနောက် တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ကာ တက်ရောက်လာကြသူများအားလုံးက တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ယနေ့ စိုက်ပျိုးခဲ့သည် အပင်အမျိုးအစားမှာ ရတနာတန်းဝင်ကျွန်းပင် (၁၅၀၀)ပင်ဖြစ်ပြီး တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
လင်းခေးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုမျှတကောင်းမွန်ရေးတို့အတွက် ဒါးဆိပ်ကျေးရွာ ယာယီပျိုးဥယျာဥ်တွင် ကျွန်းပျိုးပင် (၁၃၈၀၀) ပင်၊ မယ်ဇလီ (၇၄၀၀)၊ လျှော်ဖြူ (၁၂၀၀)၊ စိန်တခြူ (၃၄၀၀)၊ ရေတမာ(၅၀၀၀)၊မာ တာကွတ်(၇၂၀၀)၊ ကုက္ကိုလ် (၅၆၀၀)၊ စိန်ပန်းနီ (၄၂၀၀)၊ မန်ကျည်း (၂၂၀၀) စုစုပေါင်းပျိုးပင် (၅၀၀၀၀)ပင်အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)