ကျောက်ဖြူ ဇွန် ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားလာစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် အခြေခံကျသော ကောက်စိုက်လုံမေများ၏ တစ်ဧကကောက်ကွက်ပြည့်မီစေရေးတို့အတွက် လယ်သမားများနှင့် ကောက်စိုက်လုံမေများအား တောင်သူအသိပညာပေးသင်တန်းကို ယမန်နေ့မွန်းတည့် ၁ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မဆန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားလာစေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့အား ဆွေးနွေးပြောကြားသည်။ ထို့နောက် သင်တန်းတက်ရောက်လာကြသည့် ကောက်စိုက်လုံမေများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ကာ သင်တန်းဆရာမတစ်ဦးမှ လယ်သမားများနှင့် ကောက်စိုက်လုံမေများကို ကောက်စိုက်ချိန်သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ လယ်သမားများနှင့် ကောက်စိုက်လုံမေများ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)