တာမွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တာမွေ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား/သူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ထူးချွန်ဆုရရှိကြသူများကိုယ်စား ဆုရရှိသူ ကျောင်းသူလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)