တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိခြင်းနှင့် စက်လှေများ လေ့ကျင့်မောင်းနှင်ခြင်း ဆောင်ရွက်

တာချီလိတ် ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဝူတစ်မုန်တိုင်းအရှိန်ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်  မီးသတ်တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိခြင်းနှင့် စက်လှေများလေ့ကျင့်မောင်းနှင်ခြင်းကို ယနေ့ နံနက် ၈ နာရီက ရှမ်းရိုးမကွင်းပြင်နှင့် မယ်ဆိုင်ချောင်းတို့တွင် ပြုလုပ်သည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးငြိမ်းထက်အောင်က သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ် ကြုံတွေ့နေရသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်၊ လျင်မြန်မှု(Fast)၊ မှန်ကန်ထိရောက်မှု(Effective)၊ စေ့စပ်သေချာမှု (Versatile)၊ ပြီးပြည့်စုသောလုံခြုံမှု(Ensure Safety) စသည့်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် ၃၅ ဦးက စုဖွဲ့၍ မယ်ခေါင်ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းတွင် ဒေသအခြေအနေနှင့်ကိုက်ညီသည့် ရှာဖွေကယ်ဆယ်ရေးနည်းစနစ်ဖြင့် စက်လှေမောင်းနှင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)