ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း တွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်ရွှေက ငယ်ရွယ်ချိန်ကပင် စာပေဖတ်ရှုသည့်အ‌လေ့အကျင့်များရရှိရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေဖတ်ရှုသူများသည်တိုးတက်ကြပြီး တိုးတက်သူများသည် စာဖတ်သူများဖြစ်ကြေင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဘဝတွင်အောင်မြင်ကြီးပွားသွားကြသသည့် ပုဂ္ဂိုလ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ် စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

သက်မောင်၊ကျောက်ဆည်